ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဂွ  ဇွန် ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး အသက်၅နှစ်မှ အသက်၁၂နှစ်အထိ ကျောင်းတွင်းနှင့် ပြင်ပ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား စုရပ်များတွင် ထိုးနှံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အသက်၁၅နှစ်မှ အသက်၁၈နှစ်အထိ ဦးတည်အုပ်စု ပြည်သူများအား သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများ မပျက်မကွက် လာရောက်ထိုးနှံဆောင်ရွက်ရေး၊ သတ်မှတ်ကြိမ်ရေများအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ပြည်သူများအနေဖြင့် နယ်မြေခံတပ်ပိုင်နယ်နိမိတ်အတွင်း မလိုအပ်ဘဲဝင်ရောက်ခြင်း မပြုကြရန်နှင့် လုံခြုံရေးအရ ဆောင်ရွက်ရပါက မလိုလားအပ်သော ပြဿနာများအား မဖြစ်ပေါ်စေရေးအတွက် ပြည်သူများသိရှိစေရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများသို့ အသိပေးဆောင်ရွက်သွားကြရန်၊ စိုက်ပျိုးရေးအနေဖြင့် မြို့နယ်အတွင်း ပလပ်မြေများမရှိဘဲ စိုက်ပျိုးနိုင်တဲ့ မြေအမျိုးအစားပေါ်မူတည်၍ စိုက်ပျိုးဆောင်ရွက်သွားရန်၊ ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများကို သတ်မှတ်ရက်များအတွင်း ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး မျိုးဇေယျာက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သိရှိလိုက်နာ ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာဌာန လုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော် (ပြန်/ဆက်)