ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေး

ပန်းတောင်း ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘုရားပေါ်ကျေးရွာဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစောမြင့်ဦးက မျိုးမြှင့်တင်ရေးနွားသားစပ်ရေးလုပ်ငန်းများအကြောင်းနှင့် နေဗီယာမြက်မွေးမြူပြီး တိရိစ္ဆာန်ပေါင်းစုံကျွေးမွေးရကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးမှူးဦးအောင်ကျော်ကျော်က လူမှုဘဝဖွံ့ဖြိုးရေးအတွက်ချေးငွေများ၊ ကျေးရွာရေရရှိရေး၊ သင်တန်းများဖွင့်လှစ်ပေးနေကြောင်း၊ သမဝါယမဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်စန်းဝေက လယ်ယာသုံးစက်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်ရေးအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးက စားသုံးဆီလျော့ချစေရေးများအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသောဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)