ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကယားပြည်နယ်အတွင်းရှိ တောင်သူများအား နေကြာမျိုးစေ့၊ စပါးမျိုးစေ့၊ မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

လွိုင်ကော် ဇွန် ၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကယားပြည်နယ်အတွင်းရှိ တောင်သူများအား နေကြာမျိုးစေ့၊ စပါးမျိုးစေ့၊ မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊  ဌာနဆိုင်ရာများနှင့် လွိုင်ကော်ခရိုင်အတွင်းရှိတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က စိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း မူလရည်မှန်းထားသည့် သတ်မှတ်စိုက်ဧကများ ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ အားကြိုးမာန်တက် ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ နည်းလမ်းများနှင့် ဖြည့်ဆည်းပေးရမည့်လုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးတောင်သူများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် စံပြလယ်ယာများကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးတောင်သူများသည် ပြည်နယ်၏ စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးသူများဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ ပြည်သူများနှင့် အသိရှိရှိပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်က ပြည်နယ်အတွင်း လူဦးရေးမြင့်မားလာခြင်းနှင့်အတူ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တောင်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော နေကြာ၊ စပါး၊ မျိုးစေ့များနှင့် မြေဩဇာအခမဲ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးသွားမည့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ တောင်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက မိုးသီးနှံစိုက်တောင်သူ(၃၇၂)ဦးအားလည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မိုးသီးနှံစိုက်တောင်သူ(၂၇၁)ဦးအားလည်းကောင်း သဘာဝမြေဩဇာများကို အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက မိုးသီးနှံစိုက်တောင်သူ(၂၅၈)ဦးအား မျိုးနေကြာများကိုလည်းကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက မိုးသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုလည်းကောင်း၊ ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်က မိုးစပါးစိုက်တောင်သူ(၂၁၂)ဦးအတွက် မျိုးစပါးများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ လွိုင်ကော်ခရိုင်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးတောင်သူ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဒေသအတွင်းစိုက်ပျိုးနေသည့် စိုက်ပျိုးသီးနှံမျိုးစေ့နှင့် အသုံးပြုသည့်သဘာဝမြေဩဇာနမူနာများ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အတွင်းရှိ မိုးသီးနှံစိုက်တောင်သူ လွိုင်ကော်ခရိုင်မှ (၁၂၃၇)ဦး၊ ဘောလခဲခရိုင်မှ(၁၀၃)ဦး စုစုပေါင်း(၁၃၄၀)ဦးတို့အား တန်ဖိုး(၁၄၆)သိန်း(၄)သောင်းကျပ်ရှိ နေကြာမျိုးစေ့(၇၃၂)ထုပ်၊ ကျပ်(၄၇)သိန်း တန်ဖိုးရှိ မျိုးစပါး(၂၃၅)တင်း၊ ကျပ်သိန်း (၆၃၀)(၉)သောင်းတန်ဖိုးရှိ သဘာဝမြေဩဇာ(၂၁၀၃)အိတ်နှင့် ကျပ်(၂၃)သိန်း(၇)သောင်း(၅)ထောင်တန်ဖိုးရှိ ယူရီးယားဓါတ်မြေဩဇာ(၂၅)အိတ် စုစုပေါင်းတန်ဖိုး ကျပ်(၈၄၈)သိန်း(၅)ထောင်တို့အား စိုက်ပျိုးတောင်သူများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူ(၄၆)ဦးအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၂၉၉) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)