တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

တမူး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

တမူးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် " ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံလျက်ရှိရာ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံတို့အပြင် သူငယ်တန်းမှ ပဥ္စမတန်းအထိ ကျောင်းဝတ်စုံ (၁) စုံတို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအပ်လက်ခံနေမှုများအား တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့်ကျောင်းကော်မတီဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တမူးမြို့နယ်တွင် အ.ထ.က(၆) ကျောင်း၊ အ.ထ.က(ခွဲ)(၉) ကျောင်း၊ အ.လ.က(၁၅) ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၁၆) ကျောင်း၊ မူလွန်(၂၃) ကျောင်း၊ အ.မ.က(၁၉) ကျောင်း၊ အ.မက(ခွဲ) ကျောင်း (၂) ကျောင်း စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း(၉၀) ရှိကြောင်းသိရသည်။

ရတနာ (ပြန်/ဆက်)