ကျောက်ကြီး မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား အခမဲ့ထောက်ပံ့ပေးကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မေလ ၂၆ ရက်နေ့မှ စတင်၍ (၅)နှစ်အရွယ် ကလေးများကို KG(သူငယ်တန်း)၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း Grade -1၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဥ္စမတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ အဌမတန်း၊ နဝမတန်းနှင့် ဒဿမတန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အဆိုပါ ကျောင်းအပ်နှံမှုအခြေအနေများအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စာသင်ကျောင်းများအား ကွင်းဆင်း၍ လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ကျင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဝန်းကျင်သန့်ရှင်းလှပစေရေးတို့အား မိမိတို့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းလိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)