မော်လမြိုင်မြို့တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်စတင် လက်ခံ

မော်လမြိုင် မေ ၂၆

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး ကျောင်းအပ်နှံ လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ လက်ခံပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ မေလ(၂၆)ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိပါကြောင်း သိရှိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်၊၊

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)