မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

အထက်မင်းလှ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများတွင် (KG)တန်းမှ (Grade-11) အထိ သက်ဆိုင်ရာအတန်းများ အလိုက် ကျောင်းအုပ်ကြီး များနှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်‌ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံခြင်းလက်ခံဆောင်ရွက်ရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဇွန်(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်သင်ကြားပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)