လေးမျက်နှာ မေ ၂၆
လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမူများကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်တို့က ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးက မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ စာသင်နှစ်အတွက် စာသင်ကျောင်းများ အသင့်ပြင်ဆင်ထားရှိမူများ၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ပရိဘောဂများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များအား မြို့နယ်အတွင်းရှိကျောင်းများသို့ အချိန်မီပို့ဆောင်ပြီးစီးမူအခြေအနေ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများသိရှိထားသင့်သော ယနေ့ပညာရေးစနစ် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် ပြင်ပအလှူရှင်များက အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ခံများက လက်ခံရယူခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးတက်ရောက်ခဲ့ကြသည်။
မနက်ပိုင်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး၊ အဆိုပါကျောင်းအပ်လက်ခံရာ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၇၅)ကျောင်းရှိရာ အ.ထ.က ကျောင်း (၈)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၂)ကျောင်း၊ အ.လ.က ကျောင်း(၈)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၈)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း(၄)ကျောင်း၊ အ.မ.ကကျောင်း(၁၂၉)ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်းခွဲ(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း(၁)ကျောင်းတို့တွင် ကျောင်းအပ်လက်ခံလျက်ရှိပြီး (၂၆·၅·၂၀၂၂)ရက်နေ့မှ(၁·၆·၂၀၂၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)