ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ကျောင်းအပ်လက်ခံ

ကျိုက်ထို မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာ‌ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက် ရှိ အခြေခံပညာကျောင်းများအားလုံး  မေလ (၂၆) ရက်နေ့မှစတင်၍ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ရာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး အနေဖြင့်လည်း ယနေ့နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆရာ/မများနှင့် ပညာ‌ရေးဝန်ထမ်းများ အနေဖြင့် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိကြောင်း၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်မခံကြောင်းနှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြား မည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်အလိုက် ထုတ်ဝေသည့် ပုံနှိပ်စာအုပ်များနှင့်အတူ‌ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၂) ချောင်း၊ ဘောပင် (၂) ချောင်းအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အ.ထ.က၊ အ.ထ.က (ခွဲ)၊ အ.လ.က၊ အ.လ.က (ခွဲ) မူလွန်၊ အ.မ.က၊ အ.မ.က(ခွဲ) ကျောင်းပေါင်း (၁၂၄) ကျောင်းရှိ ကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံလျက် ရှိကြောင်းနှင့် ယခင်စာသင်နှစ်တွင် ကျောင်းအပ်နှံခြင်းနှင့် ကျောင်းတက်ရောက်ခြင်းမရှိသည့် ကျောင်းသား/သူများအနေဖြင့် ယခုစာသင်နှစ်အတွက် လာရောက်ကျောင်းအပ်နှံကြကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

၀င်းမောင်(ကျိုက်ထို)