ပေါက် မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
ပေါက်မြို့နယ်ရှိ အခြေခံပညာကျောင်း ၂၄၈ကျောင်း၌ KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးလျက်ရှိသည်။
ပေါက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၀) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၄၇) ကျောင်း၊ အလယ်တန်းကျောင်း (၃၄) ကျောင်း၊ အ.လ.က (ခွဲ) ကျောင်း (၃၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၅) ကျောင်း၊ မူလတန်းကျောင်း (၆၁) ကျောင်း၊ အ.မ.က (ခွဲ) ကျောင်း (၁၀) ကျောင်း စုစုပေါင်း (၂၄၈) ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)