ဖြူး မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ကျောင်းအပ်နှံရေ းအခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းအပ်နှံရေးအခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် ကျောင်းသား/ကျောင်းသူ များက သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ အခက်အခဲမရှိ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရောရာအဖွဲ့ ဥက္ကဋ္ဌ၊ မိဘဆရာအသင်းနှင့်ကျောင်း အကျိုးတော်ဆောင်များက ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကျောင်းအပ်နှံရေးကာလအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ (၂၆) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့ထိဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှ စတင်ကာ အခြေခံပညာ ကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က ဖြူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် ကျောင်းသား/ ကျောင်းသူ(၃၆၇၀၀)ကျော် တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခုနှစ်တွင် ကျောင်းသား/ ကျောင်းသူဦးရေ ပိုမိုများလာဖွယ်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင်