ကော့သောင်း မေ ၂၆
အခြေခံပညာကျောင်းများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့အညီ ယနေ့မှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်းမြို့၏ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)အထက၊ အမှတ်(၂)အထက ရွှေမင်းဝံအထကခွဲနှင့် အဏ္ဏဝါအထကခွဲကျောင်းများတွင် ကျောင်းသားမိဘများ လာရောက်ကျောင်းအပ်နှံလျက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံစသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်းသိရပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)