ဝေါ မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ သီရိဇေယျာခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည် အကောင်အထည်ဖော်ပြီး မူလတန်းအဆင့်တွင် ဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ် အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟူ၍ သက်မှတ်ပြဌာန်းပေးချက်နှင့်အညီ တစ်မြို့နယ်လုံးအတိုင်းအတာအားဖြင့် ကျောင်းဝင်နှုန်းမြင့်မားရန်၊ ကျောင်းနေမြဲရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံးကို ကျောင်းအပ်နှံ ကြပါစို့လို့ တိုက်တွန်းပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျောင်းများအတွက် အလှူငွေလှူဒါန်းပေးသော အလှူရှင်များကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး