မယ်စဲ့ မေ ၂၆
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းထံမှ သိရသည်။
ယခုစာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ အထက(မယ်စဲ့)၊ အလက(ပန်တိန်း) နှင့် မူလွန်(နမ့်မန်း) ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက(မယ်စဲ့)၊ အလက(ပန်တိန်း)၊ မူလွန်(နမ့်မန်း)၊ ဝမ်ကန်၊ မယ်ဆည်နမ်၊ နမ့်ဟူး ၊ နမ့်ပိန်းလင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၊ စုစုပေါင်း ကျောင်း ၇ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်တို့ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အတွင်း ဖွင့်လှစ်ရန်ကျန်ရှိသည့် ကျောင်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)