မြောင်းမြ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သွေးသန့်စင်ဌာနကို ဖွင့်လှစ်၍ ကျောက်ကပ်ဝေဒနာရှင်များကို ယနေ့ နံနက် ၉ နာရီက စတင်ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် ကျောက်ကပ်ဆေးစက် ၅ လုံးရှိပြီး၊ တစ်ကြိမ်လျှင် လူ (၃) ယောက်ကို တစ်ပြိုင်တည်း ဆေးပေးနိုင်ကြောင်း၊ စက်ပျက်သွားလျှင် အစားထိုးနိုင်ရန်အတွက် စက် ၂ လုံးကို အပိုဆောင်ထားရကြောင်း၊ ယခုလောလောဆယ်တွင် တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ကျောက်ကပ်ဆေးပေးပြီး၊ နောက်ပိုင်းတွင် တနင်္လာမှ သောကြာနေ့အထိ နေ့စဉ်ဆေးပေးနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မြို့အနီးနားမှ လာရောက်ကုသသည့် လူများအား လက်ခံနိုင်သည့် ပမာဏအတိုင်းအတာအထိ လက်ခံဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ယနေ့တွင် ကျောက်ကပ်ဆေးသူ ၂ ဦးရှိပြီး မြောင်းမြမြို့နှင့် လပွတ္တာမြို့မှ ဖြစ်ကြောင်းကို မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)