ငပုတော မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးစံဝိုင်းမှ တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀၀) တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ကွင်းချောင်းအုပ်စု၊ ကွင်းချောင်းကျေးရွာမှ ကိုဗစ်-၁၉ ချေးငွေနှင့် ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြီး တောင်သူ (၇၆)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၇၀၈)ဧကအတွက် ကျပ် (၁၀၆၂)သိန်း လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပေးဆပ်ပြီးပါက ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်စု (၈၅)အုပ်စု စိုက်ပျိုးဧက (၈၀၀၀)နှုန်းအတွက် သိန်း(၁၂၀၀၀၀) (သိန်းပေါင်း တစ်သိန်းနှစ်သောင်း)တိတိ ထုတ်ချေးပေးထားရန် လျာထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးစံဝိုင်းထံမှ သိရသည်။
အောင်သူ(ပြန်/ဆက်)