ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဖြူး မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မဟာမြို့လှကျောင်းတိုက်တွင် ဗုဒ္ဓဘာသာ အခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါမဟာမြို့လှကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မဟာမြို့လှကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒက သြဝါဒစကား မိန့်ကြားပြီးနောက် ဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံ သင်တန်းတွင် ပထမဆင့်၊ အ‌ခြေခံကဗျာဆင့်တို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အခြားဆုများအပါအဝင်(၁၀)ဆုစီနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်ဦးသိန်းဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ပွဲဖြစ်မြောက်ရေးကော်မတီဝင်များက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဗုဒ္ဓဘာသာအခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီလ(၂၀)ရက်နေ့က စတင်ကာ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်သင်ကြားကြကြောင်းနှင့် အခမ်းအနားအပြီးတွင် စေတနာ အလှူရှင်များ၏ အစီအစဉ်ဖြင့် စက်ဘီးနှစ်စီးမဲဖောက်ပေးကာ၊ စာအုပ်နှင့်စာရေးကိရိယာများကို လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)