ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ စတင်ထုတ်ချေးပေး

ပွင့်ဖြူ  မေ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေ ၂၄ ရက် ၊ နံနက်ပိုင်းကစတင်ပြီး တောင်သူများ လက်ဝယ်အရောက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။

ထိုသို့ တောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်က ထုတ်ချေးခဲ့သော စိုက်ပျိုးစရိတ် ချေးငွေပြေကြေစွာ ပြန်လည်ပေးဆပ်သည့် တောင်သူများကိုသာ စတင်ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအပေါ် မူတည်၍ ကျန်ရှိသည့် တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၊ ချေးငွေများ ထုတ်ချေးရာ၌ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တောင်သူတစ်ဦးချင်းအလိုက် စနစ်တကျ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကို ယမန်နေ့က စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊  အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်သည့် ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာမှ ဒေသခံတောင်သူ(၁၂)ဦးအား  စပါးသီးနှံ ၁၇ ဧကနှင့် နှမ်းသီးနှံ ၅၁ ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၇၆၅၀၀၀၀ အား  တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်က ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )