ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ကျောက်ဖြူ  မတ် ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မတ်လ ၂၃ ရက်နေ့မှစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး  သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို ဇွန်လ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ခန့်ရှိပြီး မေလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပင်စင်လာရောက်ထုတ်ယူသူ (၉၀၁) ဦးတို့အား ပင်စင်လစာငွေ ၉၈.၀၄ ကျပ်သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ပင်စင်လစာထုတ်ယူရန် ကျန်ရှိနေသူများကိုလည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

တင်ထွန်းဦးဖြိုးဝေလင်း (ပြန်/ဆက်)