ရွှေဘို မေ၂၅
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရွှေဘိုမြို့ စာရေးဆရာအသင်းနာယက ဆရာရွှေစောသက်က အဖွင့်အမှာစကားပြေကြားကာ၊ စာပေညီလာခံကိုယ်စားလှယ် ဆရာမြတ်သာထွန်းက မြန်မာနိုင်ငံစာရေးဆရာအသင်း၏ တတိယအကြိမ် စာပေညီလာခံအတွေ့အကြုံများ ရှင်းလင်းပြောကြားရာ "အမျိူး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြင့်"ဆိုသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ဆောင်ပုဒ်နှင့်အညီ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် ရပ်တည်လှုပ်ရှားပြီး၊ နိုင်ငံနှင့်ပြည်သူ့အကျိူးကို ဝိုင်းဝန်းသယ်ပိုး ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးအောင်ဘုန်းညိုက စာပေသမိုင်းအား ရှင်းလင်းပြောကြားကာ၊ စာရေးဆရာအသင်းဝင် ဆရာနှောင်းသစ်က ကျေးဇူးတင်စကားပြောကြားပြီး၊ ရွှေဘိုမြို့နယ် စာပေလောကသားအားလုံး၏ သာရေးနာရေးကိစ္စများကို ကူညီဆောင်ရွက်ရန်အတွက် တက်ရောက်လာသူများမှ အလှူငွေများ လှူဒါန်းရာ စာရေးဆရာအသင်းဥက္ကဋ္ဌမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်