ပဲခူးမြို့တွင် အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေး သတင်းစနစ် (DHIS 2 Software) သင်တန်းဖွင့်လှစ်

ပဲခူး မေ ၂၅

ပြည်သူများ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်စေရန် စီမံခန့်ခွဲသည့်နေရာများတွင်  အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေးသတင်းစနစ် (DHlS 2 Software) ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အီလက်ထရောနစ် ပြည်သူ့ကျန်းမာရေး သတင်းစနစ် (DHIS 2 Software) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ဖွင့်လှစ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ COVID ကာလမှာ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတွေမှာ ကျန်းမာရေးသတင်းအချက်အလက် လုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် (DHIS 2 Software) သင်တန်းသည် ယခင်သင်တန်းရပြီးသားသူများ (သို့မဟုတ်) သင်တန်း မရဖူးသေး သော်လည်း လက်ရှိတွင်မိမိတို့၏ သတင်းအချက်အလက်များကို အစီရင်ခံပေးပို့နေကြသည့် မြို့နယ်အသီးသီးမှ စာရင်းအင်းပြုစုပေးနေသူများကို (DHIS 2 Software) နှင့်ပတ်သက်၍ ပိုမိုအသုံးပြုတတ်စေရန်အတွက် ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း၊ ကျန်းမာရေးသတင်း အချက်အလက်များ ကောက်ယူသည့် အဓိက ရည်ရွယ်ချက်သည် ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်ဖို့ စီမံခန့်ခွဲသည့်နေရာမှာ အကျိုးရှိစွာ အသုံးပြုဖို့ဖြစ်ကြောင်း၊ DHIS2 Software ကို Data ထည့်တတ်ရုံမဟုတ်ဘဲ ထုတ်ယူသုံးစွဲနိုင်ဖို့အတွက်ပါ အကျွမ်းတဝင်ဖြစ်အောင် ကြိုးစားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား မေလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခရိုင်နှင့် မြို့နယ် (၂၈) မြို့နယ်မှ သင်တန်းသား / သူ (၅၈) ဦး တက်ရောက်ကာ သင်တန်းဆရာ (၄) ဦးမှ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်၊ပြန်/ဆက်