ဖျာပုံခရိုင် အမျိုးသမီးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် Gender ၊ CEDAW ၊ NSPAW နှင့် UNSCR 1325 အသိပညာပေး သင်တန်းဖွင့်

ဖျာပုံ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖျာပုံခရိုင် အမျိုးသမီးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် Gender ၊ CEDAW ၊ NSPAW နှင့် UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲကို မေလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက အမျိုးသမီး ကော်မတီဝင်များအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ ညှိနှိုင်းဆောင်ရွက်တင်ပြသွားကြရန်၊ ခရိုင်အဆင့် အမျိုးသမီး အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်သွားကြရန်၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားရေး အသိပညာပေး ဆွေးနွေးကြရန် ပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီဝင် အတွင်းရေးမှူး ဦးအေးကျော်က အမျိုးသမီးများအား အကြမ်းဖက်မှု အမျိုးအစားများဖြစ်သော၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း၊ ခံစားစေခြင်းစသော ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် အခြားသော လွတ်လပ်ခွင့်များအား၊ မရားသဖြင့် ပိတ်ပင်တားမြစ်သည့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးနှင့် အသိပညာပေးသင်တန်းသို့ တက်ရောက်လာကြသော ခရိုင်အမျိုးသမီး ကော်မတီဝင်များက ကဏ္ဍတစ်ခုခြင်းအလိုက် အသေးစိတ်ဆွေးနွေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)