ပခုက္ကူ မေ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ တစ်သိန်းခြောက်သောင်းကျော်နှင့် နှစ်ကြိမ်လုံးအပြည့်အဝ ထိုးနှံပြီးသူ တစ်သိန်းလေးထောင် ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အကျုံး ဝင်သူဦးရေ (၂၃၂၃၁၀)ဦးရှိပြီး Covishied၊ Senovax ၊ Verocell ၊ Sinopharm ၊ SPUNIK LIGHT (Booster), Sinovac စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားများအလိုက် ၂၀၂၁ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်ပြီး ထေရ်ကြီးဝါကြီးဆရာတော် ကြီးများအပါအဝင်ရဟန်း၊ သံဃာနှင့် သီလရှင်များ၊ သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ စေတနာ့ဝန်ထမ်းများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံမှ ဝန်ထမ်းများနှင့် အခြားဦးစားပေးအဆင့်အလိုက် ပြည်သူများအားထိုးနှံပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၁၆၂၈၁၈)ဦး၊ နှစ်ကြိမ်လုံးအပြည့်အဝထိုးနှံပြီးသူ (၁၀၄၀၂၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံတင် ဆောင်ရွက်ပေးခြင်းများပြုလုပ်ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များ ရှိပြည်သူများအတွက် ဆေးထိုးအဖွဲ့ (၇) ဖွဲ့နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများအတွက် ဆေးထိုးအဖွဲ့ (၁၄) ဖွဲ့ တို့ဖြင့် မတ်လ ၉ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ (၄၈၀၀) ဦးခန့်အထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)