ချောင်းဦး မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး Phone ဖြင့် Video Editing ပြုလုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။
မိမိတို့ ရိုက်ကူး သိမ်းဆည်းထားသော အမှတ်တရဖြစ်စေမည့် ဓာတ်ပုံ၊ ဗီဒီယိုများအား တစ်စုတစ်စည်းတည်း ပေါင်းစည်းရန်အတွက်သော်လည်းကောင်း၊ လုပ်ငန်းကိစ္စ၊ ကြော်ညာကိစ္စအတွက် ဗီဒီယို တစ်ခွေ ပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ မိမိတို့အသုံးပြုနေသည့် ဆိုရှယ်မီဒီယာများပေါ်တွင် အသုံးပြုရန်အတွက်သော်လည်းကောင်း အသုံးပြုရသည့် ဗီဒီယိုဖိုင်အား မိမိတို့အသုံးပြုနေသည့် ဖုန်းဖြင့် Video Editing ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့ ပြန်ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးနှင့် ဓာတ်ပုံကျွမ်းကျင် -၂ ဦးဝင်းမြင့်အောင်တို့မှ သင်တန်းသား ၁၀ ဦးအား Kine Master APP ကို အသုံးပြုနည်း သင်ကြားပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) မှ လက်မှု့ပညာဖြင့် ပြုလုပ်သည့် သင်တန်းများ၊ အတတ်ပညာပိုင်းနှင့် ပတ်သက်သည့် သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ချောင်းဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှလည်း Onelineမှ တဆင့် စာအုပ်စာစောင်များ၊ ကလေးငယ်များအတွက် ပုံပြင်နှင့် ကဗျာများ၊ လက်မှု့အတတ်ပညာများအား အခါအားလျော်စွာ ထုတ်လွှင့်ပေးနေကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)