အင်္ဂပူ မေ ၂၄
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များ လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးကြေညာခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ ဦးဆောင် လမ်းညွန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် လှည့်လည်အသိပေး ဆောင်ရွက်ခဲ့သည်။
အသိပေးကြေညာချက်တွင် ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အ လယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ယင်းကာလ အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် (၂၄)နာရီအတွင်း မိုးရေချိန်(၃)လက်မ (၇၇-မီလီမီတာ)နှင့် အထက် ရွာသွန်းနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ(၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါကြောင်း၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)