မော်လမြိုင် မေ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးယိုစုံနှင့် မုန့်လုပ်နည်း သင်တန်းကို မေ ၂၄ ရက်နေ့နံနက်၁၀နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာနှင့် ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုတို့က ယခုလိုသင်တန်းကို လာရောက်ဖွင့်လှစ်ခြင်းဟာ အများပြည်သူများစွာအတွက် အကျိုးရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော်လည်း မိမိတို့၏ဘဝအတွက် ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းအချိန် ကာလမှာတိုတောင်းသော်လည်း ပို့ချသည့် နည်းပညာရပ်များသည် အသက်မွေးဝမ်းကြောင်းပြုနိုင်သည့် သင်တန်းဖြစ်သောကြောင့် သင်တန်းသား/သူများအနေဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ ဦးစီးအရာရှိ ဦးစောကြည်လင်းနှင့် သုတေသနလက်ထောက်-၄ ဒေါ်စန်းစန်းထွန်းတို့က သစ်သီးများအားယိုထိုးရန် အဆင့်ဆင့်ဆောင်ရွက်ပုံတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၁၆ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၅ ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်