ဒေးဒရဲ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးမှီ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထွက်ရှိလာစေရန်၊ မျိုးစေ့ထုတ် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ တောင်သူများအား အရည်အသွေးမြင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ် စိုက်ပျိုးရေးဦးစီဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က တောင်သူများ အနေဖြင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကောင်း၍ တောင်သူများ ဝင်ငွေတိုးတက်လာပြီး လယ်ယာကဏ္ဍဖွံဖြိုးရေး အထောက်အကူပြုမည်ဖြစ်ပြီး၊ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းစေရန် သဘာဝမြေသြဇာနှင့် သွင်းအားစုများ အချိုးကျ ရောစပ်အသုံးပြုစေရေးလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက မျိုးစေ့များထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)စုမှ တောင်သူ (၁၃)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက (၁၂၀) အတွက် ပေါ်ဆန်းရင်၊ ဧရာမင်း၊ ရက်၉၀ မျိုးစပါးများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း