မြောက်ဦးမြို့နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မြောက်ဦး  မေ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်ပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကို  ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပလျက်ရှိကြောင်း သိရသည်။   

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထပ်မံ၍သင်တန်းများ ဖွင့်လှစ် နိုင်ရန် ကြိုးစားဆောင်ရွက်နေခြင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသင်တန်းကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားခြင်းဖြစ်၍ သင်တန်းဆင်းလက်မှတ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံအပ်ချုပ်စက် ပညာပေးသင်တန်းတွင် သင်တန်းသူ ၃၀ ဦးထဲမှ ပထမဆုရရှိသော မခိုင်ဇင်ဌေး၊ ဒုတိယဆုရရှိသူ မစောအေးနွယ်နှင့် တတိယဆုရရှိသော မစုစုခိုင်တို့အား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ မြောက်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဦးချစ်မောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)