မကွေး မေ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရန်နှင့် မျိုးဆက် သစ်လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်သလို တိုင်းဒေသကြီး ကိုယ်စားပြု သွေးသစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “အဖိုးနည်း ဝန်ပါ သင်ကျန်းမာ၊ ပိုက်ကျော်ခြင်းကို ကစားပါ၊ လူငယ် ကျောင်းသားသူငယ်ချင်း၊ စုပေါင်းကစား ပိုက်ကျော်ခြင်း” ဆိုသည့်အတိုင်း ကျောင်းသား လူငယ်များ စုပေါင်းကစားနိုင်ပြီး ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် အားကစားနည်း တစ်ရပ်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့် စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် လာကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း အောင်မြင်မှု ရရှိရန်အတွက် “ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ်” ဆိုသည့် အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အားကစားသစ္စာ အဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ချောက်မြို့နယ်ကိုယ်စားပြု အသင်းနှင့် ရေနံချောင်းမြို့နယ် ကိုယ်စားပြုအသင်းတို့မှ အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုအောင် (ပြန်/ဆက်)