မော်လမြိုင် မေ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ပြည်နယ်လူမှု၀န်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ လက်ထက်မှာ မွန်ပြည်နယ်အနေနဲ့ ပထမအကြိမ် ကျင်းပတာဖြစ်ပါကြောင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြု လုပ်ငန်းများကို မကြာသေးမီကာလမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါကြောင်း၊ လက်ရှိအခြေအနေမှာလည်း နည်းဥပဒေကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း၊ ယခုအစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တည်ထောင်ခွင့်ပြုမိန့် အသစ်လျောက်ထားသော ပုဂ္ဂလိက မူလတန်းကြိုကျောင်းတွေကို အဖွဲ့၀င်များအနေနဲ့ စိစစ်ခွင့်ပြုနိုင်ဖို့နဲ့ သက်တမ်းကာလပြည့်တဲ့ မူလတန်းလွန်ကျောင်းကို ပြန်လည်သက်တမ်းတိုး ခွင့်ပြုနိုင်ရေးကို အကြံပြု ဆွေးနွေးကြဖို့ ဖြစ်ပါကြောင်း ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ၀န်ဆောင်မှုတွေ ဖြည့်ဆည်းပေးနိုင်ဖို့ မိမိတို့ရဲ့ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများအပေါ် အခြေခံပြီး ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးကြဖို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်၀င်းက ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့၀င်များက မိမိတို့ဌာနများ အနေဖြင့်ဆောင်ရွက်ကြမည့်လုပ်ငန်း အခြေအနေများကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်