ပွင့်ဖြူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိစေရန် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် သပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ကြသူများထံက သိရသည်။
ကျွန်မတို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများ ပြုလုပ်ပြီးတော့ ပိန်းဥ၊ ငှက်ပျော၊ သင်္ဘော၊ ခရမ်း၊ ပဲရှည်သီး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ သခွါး၊ ဆူးပုပ်၊ ခဝဲ၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ မုံညှင်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ကြက်ဟင်းခါး၊ ရွှေဖရုံ၊ နံနံပင် စသည့် စားပင်သီးနှံမျိုးစုံနဲ့ ဘုရားပန်းမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ယခု ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းမှာ အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းဟာ ကျွန်မတို့ တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်တယ်ရှင့်။ အာဆီယံသပြေပန်းစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးပြီး (၂)နှစ်ကြာမှာ ဘုရားပန်းတွေကို လှိုင်လှိုင်ချိုးယူ ရောင်းချရပါတယ်။ အာဆီယံသပြေပန်းကို နှစ်ခက်စည်း၊ သုံးခက်စည်း တစ်စီးကို လက်လီဈေးနှုန်း ငွေကျပ် ၁၀၀ ရောင်းချရပြီး ဖောက်သည်ဈေးနှုန်းက တစ်စည်းကို ငွေကျပ် ၇၀ နှုန်း ရောင်းချ ရပြီး တစ်ရက်ကို ဘုရားပန်းရောင်းရငွေဟာ ငွေကျပ် တစ်သောင်းခွဲမှ နှစ်သောင်း အထိ ရောင်းချရပါတယ်။ အခြားသော သပြေပန်းတွေထက် အာဆီယံသပြေပန်းဟာ လူကြိုက်များတဲ့အတွက် ပိုပြီးတော့ ရောင်းအားကောင်းပါတယ်။ ဒါ့ကြောင့် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းတွင် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ လုပ်ငန်း အဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူ ဒေါ်သန်းသန်းဦးက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းတွင် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာ၌ ပြည်သူများက အကြိုက်တွေ့ဝယ်ယူကြသဖြင့် နေ့စဉ် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )