မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး မေ ၂၄

မကွေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က ယခုကျင်းပပြုလုပ်သော အစည်းအဝေးသည် တိုင်းရင်းသားရေးရာဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ဖွဲ့စည်းပြီးသားဖြစ်သော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များနှင့် အသီးသီးတွေ့ဆုံသည့် ပထမအစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နေရာဒေသပေါင်းစုံ၌ နေထိုင်သော ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသားများအားလုံး ရင်းရင်းနှီးနှီးဖြင့် ပေါင်းစည်းညီညွတ်ကြစေရန် အဓိကရည်ရွယ်၍  ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အကျိုးစီးပွား ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းနှင့်ပြည်နယ်(၁၄)ခုတွင် ဝန်ကြီးတစ်ဦးစီ တာဝန်ပေးထားပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ချင်းလူမျိုးများ အများဆုံးဖြစ်သောကြောင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းရကြောင်း၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖြစ်ပေါ်လာပါကြောင်း၊ စာပေနှင့်ယဉ်‌ကျေးမှုအဖွဲ့ ပြန်ဖွဲ့တဲ့အခါ အဖွဲ့များအားလုံး မစုံလင်သေးသော်လည်း အဆင်ပြေအောင် ဆောင်ရွက်ကြရပါကြောင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်သည့်အခါတွင်လည်း ကျောင်းတက်ရောက်ကြရန် တိုင်းရင်းသားများ အချင်းချင်းတိုက်တွန်းပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တတ်နိုင်သ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ တိုးတက်စေရေးတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် အခွင့်အရေးများနှင့် ပတ်သက်သည်များကိုလည်း တောင်းဆို၍ရပါကြောင်း၊ မိမိ၏ကိုယ်ပွားများဖြစ်သည့် တိုင်းရင်းသားများမှလည်း စီးပွားရေး၊ လူမှုရေးကိစ္စများကို မိမိနှင့်အတူ အားကြိုးမာန်တက် ပူးပေါင်း‌ဆောင်ရွက်စေလိုကြောင်းနှင့် မိမိအနေဖြင့် ချင်းလူမျိုးများတိုးတက်ကောင်းမွန်ရေး၊ ထို့ထက်ကျယ်ပြန့်သွားပါက မြို့နယ်၊ တိုင်းဒေသကြီးမှသည် တိုင်းပြည် တိုးတက်ကောင်းမွန်ရေးတို့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တီထွင်ပြီးသား စကားကို မပျောက်ပျက်အောင် ထိန်းသိမ်းရန် အရေးကြီးပါကြောင်း၊ မည်သည့်အစိုးရမှ မည်သူပင် တာဝန်ယူစေကာမူ ချင်းအမျိုးသားများ ကောင်းမွန်စေရန် မိမိတို့တိုင်းကောင်းမွန်စေရန်၊ မိမိတို့ တိုင်းပြည်ကောင်းမွန်စေရန် အားလုံးမှ ဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါတို့မှ မိမိတို့၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ TA/LT ခန့်ထားရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေး၊ TA ဆရာ/ဆရာမများအား ခွဲခြားဆက်ဆံမှုမရှိစေရေး ကူညီဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားများ၏ ရသင့်သည့်အခွင့်အရေးများရရှိရေး စသည်ဖြင့် တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးမှ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပြန်လည်ရှင်းလင်း၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လာသော Set of Box များကို မကွေးတိုင်း ဒေသကြီးအတွင်းရှိ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ