ကျွန်းကုန်းကျေးရွာအုပ်စုရှိ တောင်သူ (၈၇)ဦးအား၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

သာပေါင်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက် ရှိရာ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်သန်းသန်းအေးက တောင်သူ များအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာမှ ကိုဗစ်-၁၉ ချေးငွေနှင့် ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၈၇)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၅၂၇)ဧကအတွက် ကျပ်သိန်းခုနှစ်ရာ ကိုးဆယ့်ငါးသောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များ ပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက(၁၃၀၀၀)၊ ချေးငွေ (၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန် လျာထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်