သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်​​ရေး  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ  ဆောင်ရွက်

ငပု​တော မေ ၂၄

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပု​တောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးအတွက် အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက မြို့ပေါ် ရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများ အတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေ ခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ​ရေအိုးဟောင်းများတွင်  ရေများမခိုအောင်း​စေရေးဆောင်ရွက် ပေးကြပါရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာ များအား အသိပညာ​ပေးခြင်းနှင့်  စစ်​ဆေးခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့်အတိုင်း  နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

အောင်သူ(ငပုတောပြန်/ဆက်)