မကွေး မေ ၂၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင် တမံသို့ ရောက်ရှိပြီး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ တမံရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဆဒ္ဒန်တမံအတွင်း ဆည်ရေဝင်ရောက်မှု၊ သီးနှံစိုက်ပျိုးမှု၊ ဒေသခံတောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ်ကောင်းမွန်စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရေး၊ ဆည်ရေသောက် ဧရိယာအတွင်း စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျားထိ ရေးပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တောင်တွင်းကြီးမြို့ ရွှေအိုး(၂)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ) ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ကာ တိုင်းဒေသကြီ ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ အပြီးတည် ဆောက်ခဲ့တာဖြစ်ကြောင်း၊ စုစုပေါင်းရင်းနှီးမြှပ်နှံမှုတန်ဘိုး(၃၁၁.၂၂)သန်းကို နိုင်ငံတော်အနေဖြင့် ကျခံသုံးစွဲပြီး ကျောင်းသား၊ကျောင်းသူများ အဆင့်မှီ ပညာသင်ကြားနိုင်ရေးကို ရည်ရွယ်ဆောက်လုပ်ပေးခဲ့တာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (၂၆-၅-၂၀၂၂)မှ (၁-၆-၂၀၂၂)နေ့ထိ သတ်မှတ်ခဲ့ပြီးဖြစ်၍ ကျောင်းသား မိဘများ အနေဖြင့်လည်း မိမိတို့သားသမီးများကို ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံကြပါလို့ တိုက် တွန်းနှိုးဆော်လိုပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ကျောင်းသား၊ ကျောင်းသူများ အဆင့်မှီ ကျောင်းဆောင်များနဲ့ ပညာသင်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခဲ့သလို သက်ဆိုင်ရာကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ အနေဖြင့်လည်း ကျောင်းဆောင် ရေရှည်တည်တံ့နိုင်ရေးအတွက် ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်၊
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုးထိ) ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်တို့က ကျေးဇူးတင်စကားများ ပြောကြားကာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများကို တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ရွှေအိုး(၁) မူလွန်ကျောင်းဆောင်သစ်မှာ အလျား ၁၂၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး ၂၆၆.၇၆ သန်းဖြင့်လည်းကောင်း၊ အထက(၄)ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး (၃၁၁.၂၂) သန်းဖြင့်လည်းကောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ အုပ်စု၊ စိုင်ကျကျေးရွာ ကွင်းအမှတ်(၁၆၇၂)ဦးပိုင်အမှတ်(၉)တောင်သူ ဦးအောင်ဇော်မင်း၏ ယာမြေတွင် စိုက်ပျိုးထားရှိသော မိုးမြေပဲ(မကွေး-၁၂)တွင် ပဲစဉ်းငုံ(ရွှေဒင်္ဂါး)သီးညှပ်ကို ၁၀ တန်း ၁ တန်း စိုက်ပျိုးထားသည့် ဆီထွက်သီးနှံမြေပဲ စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ၊ ပေပင်စမ်းကျေးရွာအုပ်စု စိုင်ကျကျေးရွာနှင့် ရှော်တောကျေးရွာရှိ ဆီထွက်သီးနှံစိုက်တောင်သူ(၂၅)ဦးတို့နှင့် တွေ့ဆုံ၍ လယ်ယာ ကဏ္ဍလိုအပ်ချက်၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် မြေပဲသီးနှံ အထွက်တိုးစေရေးအတွက် ဂျစ်ပဆန် (Gypsum) မြေသြဇာများအား ဒေသခံ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ