သဲကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုး စရိတ်ချေးငွေများ စတင် ထုတ်ချေးပေး

သဲကုန်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေး ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ခင်မြတ်ဆွေက ရှေးဦးစွာ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒါးသွေးကျောက် ကျေးရွာအုပ်စုမှ တောင်သူ (၄၂) ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဧက (၁၂၃) ဧကအတွက် ကျပ်တစ်ရာရှစ်ဆယ့်လေးသိန်းငါးသောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု (၆၃) အုပ်စုရှိ တောင်သူ (၆၅၀၀)အား တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် ဧက(၁၆၀၀၀) အား ကျပ်သန်းပေါင်း နှစ်ထောင့်လေးရာကို ထုတ်ချေးပေးရန် လျာထားလျက်ရှိကြောင်းနှင့် မေလ မှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)