မြို့သစ် မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၏ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က မင်းသာစံပြကျေးရွာရှိ မင်းသာခြံစိုက်ကွင်းအတွင်းရှိ လယ်ဧက(၃)ဧကပေါ်တွင် ကြဲပက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါစိုက်ပျိုးပွဲသို့ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးနိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးမှူး၊ မင်းသာခြံတာဝန်ခံ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးလျှင် ရရှိမည့်အကျိုးကျေးဇူးများကို တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
"လာမဲ့နှစ် ကျွန်တော့လယ်မှာ မျိုးထုတ်ကွက်အနေနဲ့ စိုက်ပျိုးသွားပါမယ် ဓာတ်မြေသြဇာ သုံးစွဲမှုကို လျော့ချပေးပြီး မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ပေးတဲ့ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို ကျွန်တော်တို့ တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်ပါတယ် အခုဆိုရင် ဓာတ်မြေသြဇာတွေက စျေးတွေကြီးနေလို့ ကိုယ်တိုင်ထုတ်လုပ်တဲ့ ဒီသစ်စိမ်းမြေသြဇာကို သုံးစွဲသင့်ပါတယ်" လို့ တောင်သူ ဦးကျော်သန်းက ပြောကြားခဲ့ပါတယ်။
မင်းသာခြံတာဝန်ခံ ဦးကြည်လင်းကလည်း "သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို ယခုအခါမှာ စျေးကွက်လည်း ရှိလာပြီဖြစ်တဲ့အတွက် မြေလပ်များမထားကြပဲနဲ့ မျိုးထုတ်ကွက်များအနေနဲ့ စိုက်သင့်ပါကြောင်း" ပြောကြားခဲ့ကြောင်း သိရပါသည်။
ချင်းတွင်းမေ(ပြန်ဆက်)