မော်လိုက် မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားပွဲတင် တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အနေဖြင့် ကောင်းမြတ်ပိုင်နှင့် ထွဋ်ထွဋ်ဦး၊ တတိယလုပွဲအနေဖြင့် သက်ပိုင်စိုးနှင့် မြတ်မင်းခန့် တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲနှင့် တတိယ လုပွဲယှဉ်ပြိုင်ကစားနေမှုတို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစံမင်းအောင်၊ မော်လိုက်မြို့ အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာမဒေါ်နန်းခမ်းမော်နှင့် စားပွဲတင်တင်းနစ်ကစားသမားများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမရရှိသည့် ကောင်းမြတ်ပိုင်၊ ဒုတိယဆုရရှိသည့် ထွဋ်ထွဋ်ဦးနှင့် တတိယဆုရရှိသည့် သက်ပိုင်စိုးတို့အား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့်အတူ အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား /သူလေးများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစား လိုက်စားခြင်း ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ကစားသမားကောင်းလေးများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ပြောကြားခဲ့သည်။
မော်လိုက်သားလေး