ပေါက်ခေါင်း မေ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သောပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝါးလက်မှုပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားရာတွင် ဝါးလက်မှုပညာရပ်ကို သင်ယူ တတ်မြောက်ပြီးပါက ကိုယ်ပိုင်လုပ်ကိုင်ရာတွင် အရင်းအနှီးနည်းပါးခြင်း၊ ကုန်ကြမ်းအဖြစ်အသုံးပြုမည့် ပစ္စည်းများဝယ်ယူရ လွယ်ကူခြင်းနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေး ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ယခုဝါးလက်မှုပညာသင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ သင်တန်းသားများ ကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက် သင်တန်းဆရာမှ သင်တန်းကာလတွင် သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး၊ သင်တန်းဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့် မည်ဖြစ်သည်။ သင်တန်းတွင်ဝါးဖြင့် ပြုလုပ်ရသည့် ကုလားထိုင်၊ စားပွဲ၊ ဇကာ၊ ခြင်းတောင်းစသည့် အသုံးအဆောင်ပစ္စည်းများပြုလုပ်သည့် ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)