တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

တောင်ပြိုလက်ဝဲမြို့ မေ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများအနေဖြင့်  တောဆင်ရိုင်းများ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး သတိရှိစွာနေထိုင်ကြရန်၊ တောထူထပ်သောနေရာများသို့ အသွားအလာဆင်ခြင်ကြရန်၊ မိမိနေအိမ်ခြံစည်းရိုးများအား ခိုင်ခံ့စွာကာရန်ထားကြရန်၊ သီးနှံပင်များစိုက်ပျိုးထားရှိပါက သံစူးကြိုးများဖြင့် ကာရန်ထားကြရန်၊ ခြံစည်းရိုးများတွင် အသံမြည်စေနိုင်သော အရာများချိတ်ဆွဲထားကြရန်၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ တောဆင်ရိုင်းများ ဝင်ရောက်လာပါက သက်ဆိုင်ရာဌာနများသို့ သတင်းပေးပို့ကြရန်စသည့်အချက်များအား ပြည်သူများသိရှိအောင် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တောင်ပြို (ပြန်/ဆက်)