ဖောင်းပြင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင် ၁၃၅၀၀ ပျိုးထောင်ထား

ဖောင်းပြင် မေ ၁၈

စစ်ကိုင်းတိုင်းဒသကြီး၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများတွင်စိုက်ပျိုးရန်၊ ပြည်သူလူထုသို့ ဖြန့်ဝေရန်၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်း၊ တပ်ဖွဲ့များသို့ဖြန့်ဝေရန်၊ စာသင်ကျောင်းများတွင် စိုက်ပျိုးရန်နှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးနိုင်ရန်အတွက် အရိပ်ရသစ်ပင်ပေါင်း ၁၃၅၀၀ကို ပျိုးထောင်ထားရှိကြောင်းသိရ သည်။

ထိုသို့ပျိုးထောင်ထားရှိရာ အဖိုးတန်သစ်များဖြစ်သည်နှင့်အညီ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေသည့် ကျွန်း ၃၅၀၀ပင်၊ ပျဉ်းကတိုး ၁၅၀၀ပင်၊ ပိတောက် ၁၅၀၀ပင်၊ မန်ဂျန်းရှား ၄၀၀၀ပင်တို့ကို ပျိုးထောင်ထားပြီး မိသားစုဝင်ငွေရရှိ၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သည့် မျောက်ငို ၁၅၀၀ပင်၊ အရိပ်ရပင်များဖြစ်သည့် ကံ့ကော် ၂၅၀ပင်၊ ခရေ ၂၅၀ပင်တို့ကို ပျိုးထောင်ထားရှိရာ အောင်မြင်လျက်ရှိကာ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် အခမဲ့လာရောက်တောင်းယူနိုင်ကြောင်း အဆိုပါဌာနက တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများပူးပေါင်းပါဝင်သော မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယခုလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်း ၃၀၀ပင်၊ ပျဉ်း ၁၀၀ပင်၊ မန်ဂျန်းရှား ၅၀ပင်နှင့် မျောက်ငို ၁၀၅၀ပင် တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးရွာတစ်ရွာ ၂ဧက စိုက်ခင်းများကိုလည်းစိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

ကိုထွန်း(ပြန်/ဆက်)