ဖြူး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာအုပ်စာပေများ ပိုမိုဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးစာကြည့်တိုက်တွင် ငှားရမ်း ပေးနေသည့်အပြင် ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယနေ့နံနက်(၁၀)နာရီ အချိန်က စတင်ကာ သုတရသစာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် သုတရသ စာအုပ်စာစောင်(၂၅၀)ကျော် ငှားရမ်းပေးရာ မြန်မာ့စာတိုက်၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေရုံးတို့မှ ရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ငှားရမ်းကြကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာငှားသူများ စိတ်ကြိုက်ဖတ်ရှုမှုများသော စာအုပ်များကိုလည်း ရွေးချယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်