ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဂန့်ဂေါ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၇ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မိုးဦးကျရာသီကိုရောက်တော့မည်ဖြစ်၍ သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ပါ၍ ကျောင်းအပ်နှံခြင်း အခမ်းအနားနှင့် ဆိုင်းဘုတ် စိုက်ထူးခြင်းများ ဆောင်ရွက်နိုင်ရန်ပညာရေးဌာနအနေဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်၊  ခရိုင်အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်မှု ၁၈.၇၅ ရာခိုင်နှုန်းထိ ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးဆောင်ရွက်ရာတွင် သတ်မှတ်ချက် (၁၂)ချက်အပေါ်မူတည်၍ ထိုးနှံနိုင်ရေး မြို့နယ်များအနေဖြင့် စာရင်းဇယားများဖြင့် စနစ်တကျပြုစု ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးများရောက်ရှိလာပါက မြို့နယ်များအနေဖြင့် ကာကွယ်ဆေးထိုးမည့်လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)