ကျောက်တံခါး မေ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ကျောက်တံခါးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကင်းကျေးရွာအုပ်စု ကျားချောင်းကျေးရွာနှင့် ထီးလပ်ကျေးရွာအုပ်စု အယဉ်စုကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရေးတို့အတွက် ကဏ္ဍအလိုက်အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာအတွက် နေဗီယာမြက်မျိုးစေ့များအား တောင်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါတောင်သူအသိပညာပေး ဆွေးနွေးပွဲများကို ကျောက်တံခါးမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)