မင်းလှ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ဆင်အိုင်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အသက်မွေးဝမ်းကျောင်းသင်တန်းပညာ(၅)မျိုး ဆွေးနွေးပို့ချခြင်းကို ယမန်နေ့မွန်းလွဲ (၁၃:၀၀)နာရီချိန်ကပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကြည်သာက အမှာစကားပြောကြားပြီး စာသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်းကို ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွမ့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီမှ ဟင်္သာရွှေမြေတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းနှင့်ပူးပေါင်း၍ အသက်မွေးပညာများဖြစ်ကြသည့် သင်တန်း (၅)မျိုးအား ဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများအား သဘာဝမြေဩဇာပြုလုပ်နည်း၊ EM ပြုလုပ်နည်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးနှင့် စုပေါင်းစီမံခန့်ခွဲမှုသင်တန်း၊ မှိုပြုလုပ်နည်းသင်တန်းတို့ကို တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က လက်တွေ့သရုပ်ပြ ဆွေးနွေးပို့ချပေးခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)