ပေါက်ခေါင်း မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိရာ၊ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အတိုးနှုန်း(၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ပထမနေ့တွင် အမှတ်(၁)ရပ်ကွက်မှ တောင်သူ(၁၄)ဦး၏ လယ်ယာမြေ(၃၅)ဧကအတွက် တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် ငွေကျပ် ငါးဆယ့်နှစ်သိန်းငါးသောင်းကျပ်ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သန်းထွန်းအောင်