ကျောက်ဖြူ မေ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သွေးလွန်တုတ်ကွေးရောဂါပိုးတွေ့ရှိသည့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ လူနာနေအိမ်အား ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ဆေးဖြန်းခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားအင်စပက်တာ ဦးထွန်းရင် ဦးဆောင်ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရခိုင်ပိုက်ဆိပ်ရပ်ကွက် (ဆား ပြင်ကွင်း) မှ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာနေအိမ်သို့ သွားရောက်ကာ ၎င်းနေအိမ်နှင့် နေအိမ်ခြံဝန်းအတွင်း / အပြင်အား မာလာသီယွန်ဆေးဖြန်းပေးခြင်း၊ ပိုးလောက်လန်းများ ပေါက်ပွားနိုင်ခြေရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီနှင့် ရေတွင်း၊ ရေကန်များအား ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ဘုရားညောင်ရေပန်းအိုးများအား ဖုန်း၊ သွန်၊ လဲ၊ စစ်ပြုလုပ် ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ (၆၀)ဦး ရှိပြီး၊ သေဆုံးသူမရှိကြောင်း ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားဌာနမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း