ဝေါ မေ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းတွင် အဗျားအလယ်စုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် အဗျားငှက်ချေးဝင်းကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်သန့်က ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ရာနှုန်းပြည့်ထိုးနှံရေး၊ စိုက်ပျိုး၊မွေးမြူ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မိုးလွင်က ဆီထွက်သီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး၊ စပါးမျိုးကောင်း မျိုးသန့် စိုက်ပျိုးနိုင်ရေးနှင့်လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဆွေးပြုလုပ်ခြင်းအကြောင်းတို့ကို ပညာပေးဆွေးနွေးပေးသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်ရာသည့် ဌာနဆိုင်များက ပညာပေးဆွေးနွေးပေးပြီး၊ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ(အခမဲ့)ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုးအောင်