ချောင်းဆုံ မေ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချောင်းဆုံ လူမှုဝန်ထမ်း မူကြိုကျောင်းတွင်လည်းကောင်း၊ ဆေးထိုးစုရပ်အဖြစ်ထားရှိကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် ငယ်ရွယ်သောကလေးငယ်ဘဝမှ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံထားခြင်းဖြင့် ကူးစက်ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဆုံဆို့ရောဂါ ကာကွယ်ဆေးအား အသက် (၂) နှစ်၊ (၄) နှစ်၊ (၆) နှစ် ကလေးငယ်များအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ဆုံဆို့နာရောဂါ အပိုဆောင်းကာကွယ်ဆေးအား အသက် (၃) နှစ်၊ မှ (၇) နှစ်အတွင်း ကလေးငယ် (၁၈၀၀) ဦးအား ထိုးနှံခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)