သာယာဝတီမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်အမီ ကျောင်းများ သန့်ရှင်းသာယာ လှပစေရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

သာယာဝတီ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မကြာမီကာလအတွင်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကျောင်းဥပဓိရုပ် သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် စာသင်ကျောင်းများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျောင်းအနီးပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ မြို့တွင်း ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များ ရှင်းလင်းပေးခြင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကျောင်းဝန်းအတွင်း၊ အပြင် စာသင်ခုံများသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ကျောင်းရှေ့ မျက်နှာစာရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းများအား ဆောင်ရွက် လျက်ရှိသည်။

စာသင်ကျောင်းများတည်ရှိရာ အနီးပတ်ဝန်းကျင်ရှိ ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များ သယ်ယူရှင်းလင်းခြင်းနှင့် တူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နေ့အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်